Friday, April 9, 2010

သွားကျင်ခြင်းဝေဒနာ

  • ရေခဲရေသောက်သည့်အခါ သွားများကျင်သွားသည့် ခံစားမှုကို လူတိုင်းသိကြသည်။ ထိုခံစားမှုသည် ကျွန်ုပ်တို့ခန္ဓာကိုယ်၏ ပုံမှန်သဘာဝဖြစ်ပါသည်။ ဥပမာအားဖြင့် ရေခဲတုံးကိုလက်ဖြင့်ကိုင်သည့်အခါ ခန္ဓာကိုယ်မှ အပူများရေခဲတုံးအတွင်း စီးသွားသည့်အတွက် အေးသည်ဟု အာရုံကြောများမှတဆင့် ဦးနှောက်တွင် ခံစားရသည်။
  • အအေးသောက်သည့်အခါ သွား၏ဒုတိယအလွှာ (Dentine) ရှိ (Dentinal Tubules) များအတွင်းမှ အပူသည် အေးသည့်အရည်အတွင်းသို့ စီးသွားသည့်အတွက် သွားကျင်သည့် ခံစားမှုကိုရရှိသည်။
  • ပုံမှန်အားဖြင့် သာမန်အပူအအေးများ သောက်သုံးသည့်အခါ အထူးခံစားမှုမရှိပါ။ သွားများ၏အလွှာများ Enamel, Dentine နှင့် Cementum များပျက်စီးမှုရှိသည့်အခါ သွားကျင်သည့်ဝေဒနာ ခံစားရတတ် ပါသည်။
  • အစားအစာမာမာ စားတတ်သူများ၊ ကွမ်းစားတတ်သူများ၊ ညဖက်သွားကြိတ်တတ်သူများ (Bruxism) တွင် သွားများ၏ ၀ါးသည့်မျက်နှာပြင် (Occlusal Surface) မှ ကြွေသွားလွှာ၊ ဆင်စွယ်နှစ်လွှာများ ပါးတတ်သည်။ ထိုအခြေအနေကို Attrition ဟုခေါ်သည်။

  • သွားတိုက်နည်းမမှန်သည့်အခါ သွားပွတ်တံကို ဘေးတိုက်ဆွဲတိုက်သည့်အတွက် သွားများ၏လည်ပင်းပိုင်း တွင် Cervical Abrasion ဖြစ်တတ်သည်။ ထိုအခြေအနေကို Abrasion ဟုခေါ်သည်။
  • အချဉ်ရည် (Citrus Drinks) နှင့် Soda အလွန်သောက်သူများ၊ အစာအိမ်ချဉ်ပေါက်သူများ၏ သွားအမြစ် တွင် အက်ဆစ်လောင်ခြင်းကြောင့် Erosion ဖြစ်တတ်သည်။
  • သွားပိုးစားရောဂါကြောင့် သွားအပေါက် (Cavity) ဖြစ်နေသူများတွင် ကြွေသွားနှင့်ဆင်စွယ်နှစ်လွှာ စားသွားပြီး သွားကျင်တတ်သည်။ အထူးသဖြင့် အသက်ကြီးလာသည့်အခါ သွားအမြစ်ပေါ်၍ သွားအမြစ် တွင်ပိုးစားပါက ပိုမိုကျင်တတ်သည်။
  • ရေစီးကမ်းပြိုရောဂါ (Periodontitis) ကြောင့် သွားဖုံးများနိမ့်ကျသွားပြီး သွားအမြစ်ပေါ်ပါကလည်း သွားအမြစ်ပေါ်ရှိ Cementum ပေါ် ပြီး သွားကျင်တတ်သည်။
အထက်ပါသွားကျင်သည့်ဝေဒနာကို အောက်ပါအတိုင်းကာကွယ်နိုင်ပါသည်။
  • ၁။ သွားတိုက်နည်းမှန်ကန်စွာဖြင့် သွားနှင့်ခံတွင်းကို သန့်ရှင်းအောင်ကြိုးစားပါ။
  • ၂။ မာသည့်အစာများ အလွန်အကျွံဝါးခြင်းမှ ရှောင်ကြဉ်ပါ။ အထူးသဖြင့် ပဲကြီးလှော်၊ ကွမ်းဝါးခြင်းမှ ရှောင်ကြဉ်ပါ။
  • ၃။ သွားများကို လက်နက်ကိရိယာသဖွယ် အသုံးချခြင်းမှ ရှောင်ကြဉ်ပါ။ ဥပမာ- ပုလင်းအဖုံးဖွင့်ခြင်း၊
  • ၄။ ညဖက်သွားကြိတ်တတ်သူများသည် အကြောင်းရင်းကိုရှာ၍ ဆရာဝန်နှင့်ကုသပါ။ Bruxism ဖြစ်ရသောအကြောင်းများစွာရှိသည်။ ဥပမာ- Stress၊ အစာမကြေခြင်း၊ မျိုးရိုးလိုက်ခြင်း၊ မေးရိုးအဆစ် ရောဂါများ (TMJ Disorders) ဖြစ်သည်။ Bruxism ရှိပါက Night Guard များအသုံးပြုခြင်းဖြင့် သွားများပျက်စီးခြင်းမှ ကာကွယ်နိုင်သည်။
  • ၅။ အချဉ်ရည် (Citrus Drinks) နှင့် Soda များအလွန်အကျွံသောက်ခြင်းကို ကာကွယ်ပါ။
  • ၆။ အစာအိမ်ရောဂါရှိပါက ဆရာဝန်နှင့်ကုသပြီး အစာအိမ်အချဉ်ပေါက်ခြင်းကို ကာကွယ်ပါ။
  • ၇။ သွားများတွင် အပေါက်များရှိပါက ကြိုတင်သွားဖာခြင်း (Filling) ဖြင့်သွားများ ပိုမိုမပျက်စီးအောင် ကာကွယ်နိုင်သည်။ သွားပိုးမစားအောင် အချိုစာများ၊ စေးကပ်သည့်အချို သွားရည်စာများစားခြင်းမှ ရှောင်ကြဉ်ပါ။
  • ၈။ အသက်ကြီးလာသည့်အခါ ရေစီးကမ်းပြိုရောဂါ Periodontitis ဖြစ်တတ်သည်။ ထိုရောဂါကို ကာကွယ်ရန် ခံတွင်းသန့်ရှင်းရေး (Oral Hygiene) ကိုဂရုစိုက်ခြင်း၊ သွားကျောက်ခြစ်ခြင်း (Scaling & Polishing) ကို (၆)လ တစ်ကြိမ် ပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်သည်။
  • မည်သည့်ရောဂါမဆို ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းပါသည်။ ရောဂါမဖြစ်မီက ကြိုတင်ကာကွယ်ခြင်းသည် ရောဂါကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်သော အကျိုးဆက်များကို တားဆီး နိုင်သည်။
  • နိဂုံးချုပ်အားဖြင့် သွားကျင်ခြင်းသည် ဝေဒနာတရပ်သာဖြစ်သည်။ ထိုဝေဒနာဖြစ်ရသည့်အကြောင်းရင်းကို တတ်ကျွမ်းနားလည်သည့် သွားဆရာဝန် (Dentist)၊ ဖျားနာကုဆရာဝန် (Physician/Surgeon) များနှင့် ပြသ၍ ကုသမှုခံယူပါက နောင်ဖြစ်လာနိုင်သည့် မလိုလားအပ်သော အကျိုးဆက်များကို ကြိုတင်ကာကွယ်နိုင်ကြောင်း ရေးသားလိုက်ရသည်။

No comments:

Post a Comment