Tuesday, April 27, 2010

ကာကွယ်နိုင်သောခံတွင်းကင်ဆာရောဂါ

  • ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်ဆိုသော စကားရှိပါသည်။ ခံတွင်းကင်ဆာရောဂါကို မဖြစ်မီကြိုတင်ကာကွယ်ပါက ဖြစ်မှကုသခြင်းထက် အသက်အန္တရာယ်ကို ကာကွယ်နိုင်ပါသည်။
  • အမေရိကန်နိုင်ငံတွင် ခံတွင်းကင်ဆာရောဂါသည် အမျိုးသမီးသားအိမ်ခေါင်းကင်ဆာထက် (၃)ဆရှိသည်ဟု စားရင်းဇယားများကဆိုသည်။
  • ခံတွင်းကင်ဆာဖြစ်စေသော အကြောင်းရင်းများတွင် ဆေးလိပ်သောက်ခြင်းနှင့် အရက်သေစာသောက်စား ခြင်းတို့က ရှေ့တန်းမှနေရာယူထားသည်။ အိန္ဒိယနိုင်ငံတွင် ဆေးလိပ်ကို ပြောင်းပြန်သောက်ခြင်းအလေ့က ခံတွင်းကင်ဆာကို ပိုမိုဖြစ်စေသည်။ ဆေးငုံခြင်း၊ ကွမ်းစားရာတွင် ဆေးရွက်ကြီးထည့်ခြင်းများသည်လည်း မကောင်းသောအလေ့အကျင့်များ ဖြစ်သည်။ ဆေးလိပ်သောက် ခြင်းသည် ခံတွင်းကင်ဆာအပြင် အဆုတ်ကင်ဆာနှင့် အခြားအဆုတ်ရောဂါများ၊ နှလုံးသွေးကြောကျဉ်း ရောဂါများလည်း ဖြစ်ပွားစေသည်။
  • အရက်သေစာသောက်စားခြင်း အလေ့အကျင့်သည် လူသားများကို ရောဂါများစွာဖြစ်ပွားစေသော်လည်း အချို့လူများက ဆက်လက်သောက်သုံးနေကြဆဲဖြစ်သည်။ ခံတွင်းကင်ဆာအပြင် အသည်းရောဂါ၊ အသည်းကင်ဆာ၊ အစာအိမ်ရောဂါနှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများသည် အရက်ကြောင့်ဖြစ်သည် ဟု သုတေသနပြုသူများကဆိုသည်။
  • ပါးစပ်တွင်း၌ Ulcer ဟုခေါ်သော အနာလေးများမကြာခဏပေါက်ခြင်းကို Auto Immune ရောဂါကြောင့် ဖြစ်သည်ဟုဆိုသည်။ ထိုအနာများသည် (၃)ရက်မှ တပါတ်အတွင်း အလိုအလျောက်ပျောက်သွား တတ်သည်။ ထိုအနာမျိုး တစ်လထက်ကြာပြီး အရွယ်(၁)စင်တီမီတာထက် ကြီးလာလျှင် နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်၊ သွားဆရာဝန်များနှင့် ပြသရန်လိုအပ်သည်။ ပါးစပ်အတွင်း၌ ချွန်ထက်သောသွားများ၊ မကောင်းသောစိုက်သွားများလည်း ထိုအနာမျိုးကို ပိုမိုဆိုးဝါးစေနိုင်ပြီး ရက်ကြာကြာဖြစ်စေနိုင်သည်။ ပါးစပ်တွင်း၌အနာ ရက်ကြာရှည်ဖြစ်ခြင်း Chronic Ulceration သည်ခံတွင်းကင်ဆာဖြစ်ရန် အခွင့်အလန်း ပိုများစေသည်။
  • မျိုးရိုးဗီဇသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည်။ မိမိ၏မျိုးရိုးတွင် ခံတွင်းကင်ဆာဖြစ်ဖူး သူများရှိပါက သတိထားရန်နှင့် ကြိုတင်ကာကွယ်ရန်လိုအပ်ပါသည်။
  • Pre-cancerous Lesion ဖြစ်သည့် Leukoplakia, Erythroplakia, Licken Planus, ဆေးလိပ် ပြောင်းပြန်သောက်ခြင်းကြောင့် ဖြစ်တတ်သောအနာနှင့် ဆစ်ဖလစ်ရောဂါများသည်လည်း ခံတွင်း ကင်ဆာရောဂါ၏ ရှေ့ပြေးလက္ခဏာများဖြစ်သည်။
  • ယခုအခါ Human Papilloma Virus ကြောင့်လည်း ခံတွင်းကင်ဆာဖြစ်နိုင်သည်ဟုဆိုသည်။ လူအများ ကြောက်ကြသည့် AIDS ရောဂါကြောင့်လည်း ခံတွင်းကင်ဆာ ပိုမိုဖြစ်ပွါးနိုင်သောကြောင့် AIDS ရောဂါ ကိုလည်း သတိထားရန်လိုအပ်ပါသည်။
  • နေရောင်ခြည်နှင့် ထိတွေ့ခြင်းသည်လည်း ခံတွင်းကင်ဆာဖြစ်ပွါးစေသော အကြောင်းရင်းတစ်ခုဖြစ်သည်။ နေရောင်ခြည်ကို အသားမဲသောလူမျိုးများက ပိုမိုခံနိုင်ရည်ရှိသဖြင့် အသားဖြူသည့်လူမျိုးများက နေရောင်ခြည်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် ခံတွင်းကင်ဆာပိုမိုဖြစ်ပွားနိုင်သည်။ အထူးသဖြင့် အပေါ်နှုတ်ခမ်းထက် အောက်နှုတ်ခမ်းက ပိုမို၍အဖြစ်များသည်။
  • အသက်ကြီးသူများတွင် ခံတွင်းကင်ဆာဖြစ်ရန် အခွင့်အလမ်း ပိုများသည်။ ထို့ကြောင့်အသက်(၄၀)နှစ်နှင့် အထက်တွင် ကင်ဆာရောဂါရှိ-မရှိစစ်ဆေးရန် Cancer Screening လုပ်ရန် လိုအပ်သည်။ အသက်ကြီး၍ ဆေးလိပ်နှင့်အရက်သောက်သုံးသူ များသည် ပို၍အန္တရာယ် ရှိတတ်သည်။
  • ကျွန်ုပ်တို့၏ခံတွင်း(ပါးစပ်)အတွင်း၌ မွေးရာပါမှဲ့များသည် အရောင်ပြောင်းလာခြင်း၊ အရွယ်အစားကြီး လာခြင်းတို့သည် အရေးကြီးသောအချက်တစ်ခုဖြစ်သည်။ ထိုသို့ဖြစ်ပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပြသင့်သည်။
  • ခံတွင်းသန့်ရှင်းခြင်း Oral Hygiene သည် ခံတွင်းကင်ဆာရောဂါကာကွယ်ရာတွင် အရေးကြီးသောအခန်း ကဏ္ဍမှပါဝင်ပါသည်။ ခံတွင်းသန့်ရှင်းရေး ညံ့ဖျင်းပါက အထူးသဖြင့်ခံတွင်းကျောက်များ Calculus များက သွားဖုံးရောဂါ၊ ရေစီးကမ်းပြိုရောဂါနှင့် ခံတွင်းကင်ဆာရောဂါဖြစ်ပွါးနိုင်သည်။
  • ခံတွင်းကင်ဆာရောဂါကို Pap Smear ကဲ့သို့ Exfoliative Cytology, Brush Biopsy, Liquid Cytology နှင့် Surgical Biopsy နည်းတို့ဖြင့် အသေအချာအတည်ပြုပေးနိုင်သည်။
  • အချုပ်အားဖြင့်ဆိုရသော်- ခံတွင်းကင်ဆာသည် ကြိုတင်ကာကွယ်၍ ရနိုင်သောရောဂါဖြစ်သည်။ သို့ဖြစ်ပါ ၍ခံတွင်းကင်ဆာမဖြစ်ရန် အောက်ပါနည်းလမ်းများဖြင့် ကာကွယ်နိုင်ပါသည်။
  • (၁) အသက်(၄၀)ကျော်သူများသည် မျိုးရိုး၌ခံတွင်းကင်ဆာရောဂါရှိဖူးသူများဖြစ်ပါက ခံတွင်းကင်ဆာ ရှိ-မရှိ စစ်ဆေးဖြင်းပြုလုပ်ရန် လိုအပ်သည်။
  • (၂) အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးငုံခြင်း တို့ကို အမြန်ဆုံးရပ်ဆိုင်း၍ ခံတွင်းကင်ဆာမဖြစ်အောင် ကာကွယ်သင့်သည်။
  • (၃) ပါးစပ်အတွင်းမကြာခဏ အနာပေါက်တတ်သူများသည် ရက်ကြာရှည်ဖြစ်နေပါက နီးစပ်ရာဆရာဝန်၊ သွားဆရာဝန်များနှင့် ပြသတိုင်ပင်ပါ။
  • (၄) လိင်ဆက်ဆံခြင်းကြောင့် ရရှိတတ်သောရောဂါများကို Safe Sex နည်းလမ်းများဖြင့် ကာကွယ်ပါ။
  • (၅) နေရောင်ခြည်နှင့် အချိန်ကြာကြာထိတွေ့မှုကို ရှောင်ကြဉ်ပါ။
  • (၆) မိမိ၏ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်၍ (၆)လတစ်ကြိမ် ခံတွင်းသန့်ရှင်းခြင်း၊ Regular check-up ပုံမှန်စစ်ဆေးခြင်းများ ပြုလုပ်ခြင်း၊ ချွန်ထက်နေသောသွားများနှင့် စိုက်သွားများရှိပါက ကြိုတင်ကုသခြင်း တို့ဖြင့် ခံတွင်းကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်ကြောင်း ရေးသားလိုက်ရပါသည်။

No comments:

Post a Comment