Friday, February 26, 2010

သွားနှုတ်လျှင် မျက်စိထိခိုက်တတ်ပါသလား

  • တနေ့သ၌ ကျွန်ုပ်၏ဆေးခန်းသို့ မြန်မာပြည်ဖွား တရုတ်အမျိုးသားကြီးတစ်ဦး ရောက်ရှိလာပါသည်။ ခရီးရောက်မဆိုက် သူမေးလိုက်သည့်မေးခွန်းမှာ "ဆရာ သွားနှုတ်ရင် မျက်စိထိခိုက်တတ်ပါသလား" ဟူ၍ဖြစ်ပါသည်။
  • အထက်ပါပုဂ္ဂိုလ်ကြီး၏မေးခွန်းကို ဤဆောင်းပါးဖြင့် ဖြေကြားလိုက်ပါသည်။ အဖြေမှာ သွားနှုတ်လျှင် မျက်စိမထိခိုက်နိုင်ပါ။ သို့သော်- ရှင်းရန်ရှိပါသည်။
  • သွားနှုတ်၍မျက်စိမထိခိုက်သော်လည်း ခန္ဓာကိုယ်၏ အရေးကြီးသောအင်္ဂါအစိတ်အပိုင်းများနှင့် ပတ်သက် ဆက်စပ်မှုအရေးကြီးပုံကို ရှင်းပါမည်။
  • ခန္ဓာဗေဒကျမ်းစာအုပ်ကြီးအရ ကျွန်ုပ်တို့၏ ဦးခေါင်းခွံရိုးကို ဦးခေါင်းပိုင်းနှင့် မျက်နှာပိုင်းဟူ၍ ခွဲခြား ထား ပါသည်။ ဦးခေါင်းပိုင်း၌ ဦးနှောက်ရှိ၍ အပေါ်မှအရိုးဖြင့် ဖုံးအုပ်ထားပါသည်။ မျက်နှာပိုင်းကို (၃)ပိုင်း ထပ်ခွဲထားရာ-(၁) နဖူးနှင့်မျက်စိသည် အပေါ်ပိုင်း၊ (၂) နှာခေါင်းနှင့် အပေါ်မေးရိုးသည် အလယ်ပိုင်း၊ (၃) အောက်မေးရိုးသည် အောက်ဆုံးပိုင်း ဖြစ်ပါသည်။
  • နှာခေါင်း၏ အပေါ်ဆုံး (နှာခေါင်းရင်း)မှ နှုတ်ခမ်းထောင့် (Angles of the Mouth) အထိကို ပုံဆွဲ လိုက်လျှင်တြိဂံပုံ (Triangle) ရပါသည်။ ထိုတြိဂံကို Danger Triangle ဟုခေါ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် Emissary Veins ခေါ် သွေးပြန်ကြောလေးများရှိပါသည်။ ထိုသွေးပြန်ကြောများသည် ဦးနှောက် ၏အောက်ခြေ၊ ဦးခေါင်းခွံရိုးအတွင်း၌ရှိသော Cavernous Sinus (သွေးပြန်ကြောစုထုံး)နှင့် ဆက်သွယ် နေပါသည်။ ထိုတြိဂံအတွင်း၌ မျက်နှာပေါ်တွင်၎င်း၊ နှာခေါင်းအတွင်း၌၄င်း၊ ပါးစပ်အပေါ်နှုတ်ခမ်းအတွင်း၌ ၄င်း Infection ရှိပါက ထိုသွေးပြန်ကြောလေးများ (Emissary Veins) က Cavernous Sinusအထိ သယ်ဆောင်သွားတတ်၍ Cavernous Sinus Thrombosis ခေါ် အသက်အန္တာရယ်ကို ထိခိုက်နိုင်သော အခြေအနေ ဖြစ်စေပါသည်။

  • Cavernous Sinus Thrombosis ဖြစ်လျှင် မျက်နှာတစ်ခုလုံး ယောင်ကိုင်းခြင်း၊ မျက်ခွံများရောင်ခြင်း၊ မျက်စိအတွင်း၌ သွေးခြေဥခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နေမထိထိုင်မသာ (Restless)ဖြစ်ခြင်းနှင့် နောက်ဆုံး၌ အသက်ဆုံးရှုံးနိုင်ပါသည်။
  • ရှေးအခါက နှာခေါင်းတွင်း၌ ၀က်ခြံပေါက်ခြင်း၊ မျက်နှာပေါ် အထူးသဖြင့် နှာခေါင်းတ၀ိုက်၌ Infection ရခြင်း၊ အပေါ်ရှေ့သွားများ ပြည်တည်နာ (Abscess) ဖြစ်ခြင်းတို့က Cavernous Sinus Thrombosis ဖြစ်စေပါသည်။ ရောဂါလက္ခဏာများသည် မျက်စိတ၀ိုက်တွင် ပိုမိုပီပြင်သဖြင့် လူများစွာက မျက်စိထိခိုက် သည်ဟု ထင်တတ်ကြပါသည်။ ထို့ကြောင့် ခန္ဓာဗေဒဆရာတစ်ဦးက "နှာခေါင်းဖျား၊ နှာခေါင်းအောက် ၀က်ခြံပေါက်၊ ၀မ်းမြောက်ဝမ်းသာ မရှိရာ" လို့ ဆိုဖူးပါသည်။
  • ကမ္ဘာပေါ်တွင်မည်သည့်နိုင်ငံ၊ မည်သည့်တိုင်းပြည်မှာမှ သွားနှုတ်၍မျက်စိကွယ်သွားခြင်း၊ မျက်စိအမြင် ထိခိုက်သည်ဆိုသော အချက်အလက်သော်လည်းကောင်း၊ သုတေသနပြုထားချက်သော်လည်းကောင်း မတွေ့ဖူးပါ၊ မဖြစ်ဖူးပါ။ မြန်မာလူမျိုးများတွင် ထိုအယူအဆ ဘယ်အချိန်က စတင်အမြစ်တွယ်လာသည် မသိပါ။ မက္ကဆီကန်လူမျိုးများကလည်း အပေါ်အစွယ်သွားကို Eye Tooth ဟူ၍ ခေါ်ကြပါသည်။
  • နောက်အခြေအနေတစ်မျိုးမှာ- အောက်မေးရိုးမှ သွားများတွင် ပြည်တည်ခြင်း၊ ရောင်ကိုင်းခြင်း၊ အောက်မေးရိုး အပြင်၊ အောက်ပိုင်း၊ အတွင်းပိုင်းသို့ ပြည်များပြန့်နှံ့ခြင်း (Cellulitis)မှတဆင့် Ludwig Angina ဖြစ်နိုင်ပါသည်။ မြန်မာလို အခေါ်အဝေါ်မရှိသေးပါ၊ အဆိုပါ Lugwig Angina ဖြစ်ပါက အောက်မေးရိုးဘေးဖက်၊ အောက်ဖက်၊ တခါတရံ ဘယ်ညာနှစ်ဖက်စလုံး ရောင်ကိုင်း၍ အထူးသဖြင့် အလယ်ပိုင်းတပြင်လုံး ရောင်ကိုင်းပြီး လူနာသည်လျှာရှေ့ကိုထွက်၍ ပါးစပ်ဟောင်းလောင်း ဖြစ်နေတတ် ပါသည်။ တံတွေးမျိုမရသည့် အခြေအနေဖြစ်ပါသည်။ အဆိုပါအခြေအနေသည် အသက်ရှူလမ်းကြောင်း ကို ပိတ်ဆို့နိုင်သည့်အန္တာရာယ် ရှိနေသဖြင့် အရေးပေါ်အချိန်မှီ မကုသပါက အသက်ဆုံးရှုံးနိုင်ပါသည်။ အရေးပေါ်ခွဲစိပ်ကုသမှု ခံယူရန် ဆေးရုံသို့ အချိန်မှီ ရောက်ရှိရန်လိုအပ်သည်။
  • အချုပ်အားဖြင့်ဆိုသော်- သွားနှုတ်၍ မျက်စိမထိခိုက်နိုင်ပါ။ သို့သော် မျက်စိထက်အရေးကြီးသော ခန္ဓာကိုယ် အစိပ်အပိုင်းများထိခိုက်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမျိုးရောက်နိုင်သဖြင့် အောက်ပါအချက်များကို လိုက်နာရန် လိုအပ်ပါသည်။
  • (၁) မျက်နှာပေါ်တွင် အနာဖြစ်ခြင်း၊ သွားပြည်တည်နာခြင်း၊ သွားနာခြင်းတို့ဖြစ်လျှင် ဆေးမီးတိုများဖြင့် မကုသဘဲ တတ်ကျွမ်းနားလည်သည့် ဆရာဝန်၊ သွားဆရာဝန်များဖြင့် ပြသ၍ ကုသမှုခံယူပါ၊
  • (၂) အထက်ပါဆရာဝန်များက လိုအပ်သည့်ဆေးဝါးများ - ဥပမာ Antibiotics အပြင်ခွဲစိပ်ကုသမှုကိုပါ ပြုလုပ်ရန် လိုအပ်ပါက မကြောက်ရန် လိုပါသည်။ အဆိုပါအရေးပေါ်ခွဲစိပ်မှုက သင်၏အသက်ကို ကယ်တင်နိုင်ပါသည်။
  • (၃) American Heart Association ၏ နောက်ဆုံးညွှန်ကြားချက်မှာ မွေးရာပါ နှလုံးရောဂါရှင်များ၊ နှလုံးအတွင်းပိုင်းခွဲစိပ်ကုသမှုခံယူ၍ Valve အစားထိုးထားသူများ၊ အဆစ်အစားထိုးကုသမှု ခံယူထားသူ များသည် သွားရောဂါကုသမှု၊ အသေးစားခွဲစိပ်ကုသမှုများ မပြုလုပ်မီ တနာရီအလိုတွင် Antibiotics ကို အသက်အရွယ်၊ခန္ဓာကိုယ်အလေးချိန် အပေါ်မူတည်၍ သောက်သုံးရန်လိုအပ်ပါသည်။ ထိုသို့ကြိုတင် သောက်ထားခြင်းဖြင့် Bacteria Endocarditis ခေါ် နှလုံးအတွင်းတံခါး valve များရောင်သည့် အသက်အန္တရာယ် ထိခိုက်နိုင်သောအခြေအနေကို ကာကွယ်နိုင်ကြောင်း ရေးသားလိုက်ရပါသည်။

No comments:

Post a Comment