Tuesday, February 9, 2010

ခံတွင်းထဲက ကျောက်ခဲများ



ကျွန်ုပ်တို့၏ခံတွင်းထဲ၌ကျောက်ခဲများရှိသည်ဆိုလျှင် မည်သူမဆိုမယုံပါ။
မယုံမရှိပါနှင့်၊ တကယ်ရှိပါသည်။
တခါတရံပုံမှန်စမ်းသပ်စစ်ဆေးခြင်း Checkup အတွက်ဓါတ်မှန် xray ရိုက်သည့်အခါအဆိုပါ ကျောက်ခဲများကို မြင်ရပါသည်။ ပါးစပ်အတွင်း သွားဖုံး၏အောက်၌ရောက်နေ၍ သာမာန်မျက်စိဖြင့် မမြင်နိုင်သော်လည်း ပို၍ထူလာသောအခါသွားဖုံး၏ အပေါ် (Supra gingival) အဖြစ် တွေ့မြင်ရပါသည်။
  • ထိုကျောက်များကို Calculus သို့မဟုတ် Tar Tar ဟုခေါ်ပါသည်။ လူတိုင်း၏ပါးစပ်(ခံတွင်း)ထဲ၌ ထိုကျောက်များအနည်းနဲ့အများရှိတတ်ပါသည်။ ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်သူများ၌နည်း၍ ဂရုမစိုက်သူများ၌ များတတ်ပါသည်။
  • ခံတွင်းကျောက်များမည်ကဲ့သို့ဖြစ်လာသည်ကိုရှင်းပြပါမည်။

    ကျွန်ုပ်တို့သွားများ၏မျက်နှာပြင်တွင် သာမန်မျက်စိနှင့်မမြင်နိုင်သည့် Dental Plaque ခေါ်အလွှာပါးလေး ကပ်နေလေ့ရှိပါသည်။ အဆိုပါအလွှာပါးလေးကို မြင်တွေ့လိုပါက Disclosing Solution ကိုသုတ်လိမ်း၍၄င်း၊ Disclosing Tablet ကိုဝါး၍ ပလုပ်ကျင်းလိုက်လျှင် Dental Plaque ကိုအနီရောင် သို့မဟုတ်ပန်းရောင်အဖြစ် မြင်နိုင်ပါသည်။
  • အထက်ပါ Dental Plaque သည်ပါးစပ်တွင်း၌ ဖြစ်သောရောဂါကြီး(၂)ခုဖြစ်သည့် သွားပိုးစားရောဂါ (Dental Caries) နှင့် ရေစီးကမ်းပြိုရောဂါ (Periodontitis) ဖြစ်ပွားရာတွင် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပါသည်။
  • Dental Plaque ပေါ်တွင် တံတွေး၌ပါသော ကယ်လဆီယမ်ဓါတ်များက စုပုံလာသည့်အခါ ကျောက်များအဖြစ်သို့ပြောင်းလဲသွားပါသည်။ ခံတွင်းအတွင်း၌ အပေါ်အံသွားများဘေးဖက်နှင့် အောက်ရှေ့သွာများ၏အတွင်းဖက်၌ တံတွေးထွက်ပြွန်များရှိသဖြင့် အထက်ပါနေရာများ၌ ကျောက်များပိုမိုရှိတတ်ပါသည်။
  • ခံတွင်းကျောက်များရှိခြင်းဖြင့် မည်သည့်အကျိုးဆက်များဖြစ်နိုင်သည်ကို ရှင်းပြပါမည်။ အချို့သူများက ခံတွင်းကျောက်များရှိခြင်းဖြင့် သွားပိုခိုင်သည်ဟု ယုံကြည်ကြသည့်အယူအဆသည် လုံးဝမှားပါသည်။ Dental Plaque ၏ အောက်၌၄င်း၊ အပေါ်၌၄င်း၊ ခံတွင်းကျောက်များ၏ အောက်၌၄င်း၊ အပေါ်၌၄င်း၊ ပါးစပ်ခံတွင်း၌ရှိသော သွားပိုးစားရောဂါဖြစ်စေသည့် ဘက်တီးရီးယားများနှင့်ရေစီးကမ်းပြိုရောဂါ ဖြစ်စေသောပိုးများ ပိုမိုများပြားလျှင် အဆိုပါရောဂါနှစ်မျိုးစလုံး ဖြစ်ပွားနိုင်ပါသည်။
  • အထူးသဖြင့် ခံတွင်းကျောက်များသည် Local Irritant အဖြစ်ရှိနေပြီး ဘက်တီးရီးယားများ ပွားလာသောအခါ သွားဖုံးရောင်ခြင်း (Gingivitis) စတင်ဖြစ်လာစေပြီး ကုသမှုမခံယူပါက ထိုမှတဆင့်ရေစီးကမ်းပြိုရောဂါအဆင့်သို့ ရောက်ရှိကာသွားများပြည်တည်ခြင်း၊ ယိုင်နဲ့ခြင်း၊ နောက်ဆုံးသွားနှုတ်ကုသရသည့် အဆင့်သို့ ရောက်ရှိနိုင်ပါသည်။
  • သွားပေါ်တွင်ဖုံးထားသော Dental Plaque ပေါ်မှကျောက်များဖုံးနေပြီး ၀ါးသည့်မျက်နှာပြင်အတွင်းပိုင်းတွင် အချဉ်ပေါက်ကာ သွားပိုးစားရောဂါဖြစ်နိုင်ပါသည်။ (သွားပိုးစားရောဂါဖြစ်ပွားပုံအဆင့်ဆင့်ကို နောင်အလျဉ်းသင့် သည့်အခါ တင်ပြသွားပါမည်။)
  • သွားပိုးစားရောဂါကြောင့် သွားအပေါက်ဖြစ်ပြီး အတွင်းပိုင်းရောက်လျှင် မွသားရောင်ခြင်း (Pulpitis) မှတဆင့်သွားအမြစ်ထိပ်ပြည်တည်နာ (Apical Abscess)ဖြစ်ကာ အချိန်မှီ သွားအမြစ်တွင်းကုသမှု မခံယူပါကသွားဆုံးရှုံးသည့် အခြေအနေသို့ ရောက်သွားနိုင်ပါသည်။
  • ခံတွင်းကျောက်များခြင်း၊ နည်းခြင်းတို့သည် အဓိကအားဖြင့် ခံတွင်းသန့်ရှင်းရေး (Oral Hygiene) တွင်အဓိက မူတည်နေပါသည်။ ခံတွင်း၏ pH များပါက Base of Alkali အဆင့်တွင်ရှိပြီး ကျောက်ပိုတည်နိုင်သည်ဟု သုတေသနများက ဆိုပါသည်။ တံတွေး၏ pH နည်းပါက အက်ဆစ်ဖြစ်ပေါ်ပြီး သွားပိုးစားရောဂါပိုဖြစ်နိုင်သည် ဟုဆိုပါသည်။ ပုံမှန် pH မှာ အလယ်အလတ် 7 ဖြစ်သည်။
  • ခံတွင်းသန့်ရှင်းရေးတွင် Floss ခေါ် ကြိုးကလေးဖြင့် သွားကြားတွင်းသန့်ရှင်းခြင်းသည် အရေးကြီးသော လုပ်ဆောင်ချက်ဖြစ်သည်။ သွားမတိုက်မီ Floss ဖြင့်အရင်သန့်ရှင်းပြီးမှ သွားများကိုစနစ်တကျ မှန်ကန်သောသွားတိုက်နည်းဖြင့်တိုက်ပါက ခံတွင်းသန့်ရှင်းပြီး ကျောက်တည်ခြင်းကိုကာကွယ်နိုင်ပါသည်။
  • ထို့ကြောင့် ခံတွင်းကျောက်များကို ကာကွယ်နိုင်ရန် အောက်ပါအချက်များကို လိုက်နာနိုင်ပါသည်။
  • ၁။ နေ့စဉ်နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် Floss ဖြင့်သွားကြားများကို အရင်သန့်ရှင်းပါ။
  • ၂။ သွားများကို စနစ်မှန်သွားတိုက်နည်းဖြင့် Dental Plaque များကို ဖယ်ရှားနိုင်ပါသည်။
  • ၃။ သွားမညီညာမှုများကို (Orthodontic Treatment) များဖြင့် ကုသခြင်းဖြင့် သွားကြားများတွင် ကျောက်တည်ခြင်းကို ကာကွယ်ပါ။
  • ၄။ သွားပိုးစားပေါက်များကို ပိုမိုမပျက်စီးအောင် Filling ကြိုတင်လုပ်ထားပါ။
  • ၅။ ပါးစပ်အတွင်းရှိ မကောင်းသောစိုက်သွားများကို ကောင်းအောင်ပြင်ဆင်ကုသထားပါ။
  • ၆။ (၆)လတစ်ကြိမ်မိမိတို့၏ သွားဆရာဝန်များနှင့် မှန်မှန်စစ်ဆေးမှုခံယူခြင်း၊ Regular Checkup ပြုလုပ်၍ သွားကျောက်များကိုခြစ်ခြင်း (Scaling & Polishing) ပြုလုပ်ပါ။
  • အထက်ပါအချက်များကို ကြိုတင်လိုက်နာခြင်းဖြင့် ခံတွင်းကျောက်များကို ကာကွယ်နိုင်ပြီး ခံတွင်းကျောက်များကြောင့်ဖြစ်သော နောက်ဆက်တွဲရောဂါများသည် ခံတွင်းအလှမျက်နှာအလှကို ဖျက်စီးနိုင်သည့်အပြင် အနံ့အသက်ဆိုးဝါးခြင်းကဲ့သို့သော လူမှုရေးဒုက္ခများမှကင်းဝေး၍ ခံတွင်းအလှပိုင်ရှင်များဖြစ်လာနိုင်ကြောင်း ရေးသားလိုက်ရပါသည်။ ။

No comments:

Post a Comment