Thursday, August 26, 2010

သွားမနှုတ်ရလေအောင် ကာကွယ်နည်းများ

ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည် ဆိုသောဆိုရိုးစကားရှိပါသည်။
  • သွားများကို မနှုတ်ရအောင်ကြိုတင်ကာကွယ်နည်း အများအပြားရှိပါသည်။ ထိုကာကွယ်နည်းများကို အနှစ်ချုပ်၍ တင်ပြပေးပါမည်။
အဓိကအားဖြင့် သွားများကို ပျက်စီးစေသော ရောဂါကြီး (၃)ခု ရှိပါသည်-
  • (၁) သွားပိုးစားရောဂါ (Dental Caries)
  • (၂) ရေစီးကမ်းးပြိုရောဂါ (Periodontitis)
  • (၃) သွားကိုထိခိုက်ဒဏ်ရာရခြင်း (Dental Trauma)
ပထမဆုံး သွားပိုးစားရောဂါအကြောင်း တင်ပြပါမည်။ သွားပိုးစားရောဂါသည် ပိုးများကသွားများကို စားခြင်းဖြင့် ဖြစ်ပေါ်လာသော ရောဂါမဟုတ်ပါ။ မိမိတို့၏ ကြွေသွားလွှာပေါ်၌ဖြစ်သော Dental Plaque ခေါ်အလွှာ၏ အောက်၌ ပါးစပ်တွင်းရှိမှိုများထဲမှ Lactobacillus Acidophilus နှင့် Streptococcus mutan ပိုး(၂)မျိုးက အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ မိမိတို့စားထားသော အစာများမှ ကစီဓါက် (Carbohydrate) ကို ထိုပိုးများက အချဉ်ပေါက်စေခြင်း (Fermentation) ဖြင့် Lactic Acid ခေါ် အက်ဆစ်တစ်မျိုးဖြစ်ပေါ်စေပါသည်။ ထိုအက်ဆစ်က သွား၏ကြွေလွှာတွင်းမှ Calcium (ထုံးကျောက်)ဓါတ်ကို လျော့စေပြီး ကြွေသွားလွှာကိုပျော့စေ ပါသည်။ Decalcification ထိုသို့ဖြစ်ပါက သွားမျက်နှာပြင်ပေါ်တွင် အရောင်ပြောင်းခြင်း (အဖြူ၊ အညို၊ အမဲ) တို့ ဖြစ်ပေါ်စေပါသည်။ ထိုမှတဆင့် အတွင်းသို့ နက်ရှိုင်းစွာဝင်ပြီး အပေါက်ဖြစ်ခြင်း (Cavitation) သို့ ရောက်ရှိသွား ပါသည်။ သွားပိုးပေါက်သည် ကြွေသွားလွှာ၌ဖြစ်ပါက မည်သည့်ခံစားမှုမှ မဖြစ်ပါ။ အတွင်းလွှာဖြစ်သည့် ဆင်စွယ် နှစ်လွှာ (Dentine) သို့ရောက်ပါက အစားအစာစားသည့်အခါ အစာ၏အပူချိန်ကိုလိုက်၍ ကျင်ခြင်း၊ နာခြင်း၊ သွားကိုက်ခြင်းတို့ ဖြစ်စေပါသည်။ သွား၏အတွင်းပိုင်း မွှသားအထိရောက်ပါက အပြင်းအထန်သွားကိုက်ခြင်း ဝေဒနာကိုခံစားရပြီး ထိုသွားများကို သာမန်ဖာထေးကုသ၍ မရနိုင်တော့ပါ။ သွားအမြစ်တွင်းကုသမှု (Root Canal Treatment -RCT) ဖြင့်သာ ကုသရပါသည်။ တခါတရံ သွား၏ပိုးစားပေါက်အခြေအနေပေါ်မူတည်၍ သွားအမြစ်တွင်းကုသမှု မပေးနိုင်ဘဲ သွားနှုတ်ကုသရသည့်အခြေအနေသို့ ရောက်ရှိသွားနိုင်ပါသည်။
  • ရေစီးကမ်းပြိုရောဂါသည် အင်္ဂလိပ်ဘာသာဖြင့် Periodontitis ခေါ်ပါသည်။ ကျွန်ုပ်တို့၏ သွားအမြစ်နှင့် မေးရိုးကို Periodontal Ligament ဖြင့် တွယ်ထားခြင်းဖြင့် သွားများသည် မေးရိုးတွင်း၌ ခိုင်မြဲစွာ တည်ရှိ နေနိုင်၍ ပုံမှန်တာဝန်များဖြစ်သည့် စားခြင်း၊ ၀ါးခြင်း၊ ကိုက်ဆွဲနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ အဆိုပါ Ligament များရောင်သည့်ရောဂါကို Periodontitis ဟုခေါ်ပါသည်။ ထိုရောဂါသည် ချက်ခြင်း ဖြစ်တတ်သည့်ရောဂါမဟုတ်ပါ။ တဖြည်းဖြည်းခြင်းဖြစ်တတ်ပါသည်။ ပထမ သွားဖုံးရောင်တတ်ပါသည်။ ကျွန်ုပ်တို့၏ သွားဖုံးသားသည် ပုံမှန် ပန်းရောင်မှအနီရောင်၊ နီညိုရောင်၊ ခရမ်းရောင်သို့ ပြောင်းသွားပြီး ပိုမိုနက်ရှိုင်းစွာရောက်လျှင် Periodontal Ligament များပျက်စီး၍ အရိုးများနိမ့်သွားခြင်း (Bone Resorption) ဖြစ်ကာ သွားများယိုင်နဲ့လာတတ်ပါသည်။ ထိုအခြေအနေကို မကုသပါက သွားနှုတ်ကုသ ရသည့်အဆင့်သို့ ရောက်ရှိတတ်ပါသည်။ တခါတရံ သွားမနှဲ့မီ သွားဖုံးပြည်တည်နာ (Periodontal Absess) ဖြစ်ကာ သွားနာ သွားကိုက်ဖြစ်တတ်ပါသည်။ ယခုအခါ သုတေသနပြုချက်များအရ (Periodontal Disease) နှင့် နှလုံးရောဂါ အထူးသဖြင့် နှလုံးသွေးကြောကျဉ်းရောဂါ (Ischaemic Heart Disease) သည် ဆက်နွယ်နေသည့်အတွက် သွားဖုံးရောဂါရှိပါက နှလုံးရောဂါဖြစ်ရန် အလားအလာ ပိုများ လာကြောင်း သိရှိရပါသည်။
  • တတိယရောဂါမှာ ထိခိုက်ဒဏ်ရာရခြင်းဖြစ်ပါသည်။ မျက်နှာနှင့်မေးရိုးထိခိုက်ဒဏ်ရာရပါက ဥပမာ- အားကစားလုပ်နေစဉ် ထိခိုက်မိခြင်း၊ ချော်လဲခြင်း၊ မတော်တဆကားတိုက်မှုဖြစ်ခြင်း (Car Accident) တို့ကြောင့် သွားနှင့်မေးရိုးကို ထိခိုက်ပြီး သွားပဲ့သွားခြင်း၊ သွားနှဲ့သွားခြင်း၊ သွားကျိုးခြင်း၊ မေးရိုးကျိုးခြင်းတို့ ဖြစ်စေပြီး မိမိတို့သွားများကို ဆုံးရှုံးနိုင်ပါသည်။ သွားမညီညာမှုများကြောင့်လည်း သွားကို ထိခိုက်ဒဏ်ရာ ရပါက အလွယ်တကူ ထိခိုက်ပျက်စီးနိုင်ပါသည်။ တခါတရံ ထိခိုက်မိသည့် ဒဏ်ပေါ်မူတည်၍ မေးရိုး ကျိုးခြင်း၊ သတိလစ်ခြင်းတို့အထိ ဖြစ်နိုင်ပါသည်။
  • နောက်ဆုံး ဖြည့်စွက်လိုသောရောဂါမှာ ခံတွင်းကင်ဆာရောဂါဖြစ်ပါသည်။ ခံတွင်းကင်ဆာရောဂါသည် နှုတ်ခမ်း၊ လျှာ၊ ပါးစောင်၊ သွားဖုံး၊ အရိုးတို့တွင် အဖြစ်များပြီး အချိန်မီကုသပါက အသက်ဆုံးရှုံးခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ ခံတွင်းကင်ဆာကို မဖြစ်အောင် ကာကွယ်နည်းများစွာရှိပါသည်။ ဖြစ်လာပါက စောစောသိလျှင် စောစောကုသပါက အသက်ရှင်ရန်ရာခိုင်နှုန်းများပါသည်။ ခံတွင်းကင်ဆာကုသရာတွင် ခွဲစိတ်ကုသမှု၊ ဓါတ်ရောင်ခြည်ပေးခြင်း (Radiotherapy) ၊ ဓါတ်ဆေးဖြင့်ကုသခြင်း (Chemotherapy) တို့ ပါဝင်ပါသည်။ ဓါတ်ရောင်ခြည်ဖြင့် မကုသမီ ကုသမည့်ဘက်မှ အပေါ်အောက်သွားများကို ကြိုတင် နှုတ်ထားရပါမည်။
  • ထို့ကြောင့် မိမိတို့၏ သွားများမနှုတ်ရအောင် ကြိုတင်ကာကွယ်ခြင်းသည် အထက်ပါရောဂါများကို ကာကွယ်ခြင်းနှင့် အတူတူပင်ဖြစ်ပါသည်။
  • အထက်ပါရောဂါများကို ကာကွယ်ရန် အောက်ပါအချက်များကို အလေးထားဆောင်ရွက်ရန် လိုအပ်ပါသည်-
  • (၁) သွားပိုးစားရောဂါမဖြစ်ရန် မိခင်များကိုယ်ဝန်ဆောင်စဉ်တွင် အာဟာရမချို့တဲ့ရန် အထူးသဖြင့် ဗီတာမင် A, C, D နှင့် Calcium ဓါတ်များ မချို့တဲ့ရန် လိုအပ်ပါသည်။
  • (၂) ကလေးငယ်များကို ငယ်စဉ်ကပင် ခံတွင်းသန့်ရှင်းသည့် အလေ့အကျင့်လုပ်ပေးရန် လိုပါသည်။
  • (၃) ကလေးနှင့်လူကြီးများအားလုံး အချိုသရေစာများကို လျော့စားရန်နှင့် အထူးသဖြင့် ချို၍စေးကပ်သော အစာများကို ရှောင်ကြဉ်ပါ။ အကယ်၍ အစာများစားပြီးပါက စားပြီးပြီးခြင်း သွားတိုက်ပါ။
  • (၄) မိမိတို့၏ ခံတွင်းနှင့်သွားများကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်သန့်ရှင်းပါ။ သွားမတိုက်မီ Dental Floss ဖြင့် သွားကြားများမှ အစာအကြွင်းအကျန်များကို အရင်ရှင်းလင်းပါ။ အစာစားပြီးတိုင်း ပါးစပ်ကို ပါးလုတ်ကျင်းပါ။
  • (၅) သွားပိုးစားရောဂါကာကွယ်နိုင်သော ရေစီးကမ်းပြိုရောဂါ ကာကွယ်နိုင်သော သွားတိုက်ဆေးများကို အသုံးပြုပါ။
  • (၆) မိမိတို့သွားများကို (၆)လတစ်ကြိမ် သွားဆရာဝန်နှင့် ပြသ၍ စစ်ဆေးမှုခံယူပါ။ သွားပိုပေါက်များရှိနေ ပါက စောစောစီးစီး ဖာထေးထားပါ။
  • (၇) သွားပိုးစားပေါက်ကြီးသွား၍ မွသားကိုရောက်ပါကလည်း သွားအမြစ်တွင်း ကုသမှုဖြင့် သွားများကို ကုသပြီး Crown စွပ်ခြင်းဖြင့် ပိုမိုမပျက်စီးအောင် ကာကွယ်ပါ။
  • (၈) တခါတရံ သွား၏ခေါင်းပိုင်း Crown ပျက်စီးသွားပါက ကျန်သောအမြစ်ပိုင်းကို သွားအမြစ်အတွင်း ကုသမှုပေးပြီး သွားအမြစ်တွင်း Post ထည့်၍ Post & Core ဖြင့် အပေါ်မှ Crown စွပ်နိုင်ပါသည်။
  • (၉) ရေစီးကမ်းပြိုရောဂါမဖြစ်အောင် (၆)လတစ်ကြိမ် မိမိတို့၏သွားများကို ကျောက်ခြစ်ခြင်း (Scaling & Root Planning) မှန်မှန်ပြုလုပ်ပါ။
  • (၁၀) သွားဖုံးရောင်ရောဂါမဖြစ်အောင် ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်၍ သွားမှန်မှန်တိုက်ပါ။
  • (၁၁) တခါတရံ ရေစီးကမ်းပြိုရောဂါသည် ဆီးချိုရောဂါ (Diabetes mellitus) နှင့် ဆက်နွယ်နေတတ်၍ ဆီးချိုရောဂါကို မှန်မှန်သွေးစစ်၍ ကုသမှုခံယူပါ။ သွေးအတွင်း၌ အချိုဓါတ် (Glucose) ကို ပုံမှန်ဖြစ်အောင် ထိန်းထားပါ။
  • (၁၂) သွားဖုံးရောင်ရောဂါသည် သွားမညီညာမှုနှင့်လည်း သက်ဆိုင်နေ၍ သွားမညီညာမှု (Crowding) ရှိလျှင် သွားညှိကုသမှုခံယူပါ။
  • (၁၃) သွားထိခိုက်ဒဏ်ရာရခြင်းသည် အားကစားလှုပ်ရှားမှု၊ Accident များနှင့်သက်ဆိုင်နေ၍ အားကစား တစ်ခုခုလုပ်လျှင် ထိုအားကစားနှင့်ဆိုငိသော Safety Method များကို သုံးပါ။ ဥပမာ- Boxer များ Gun Shield တတ်ခြင်း၊
  • (၁၄) သွားများမညီညာမှုရှိလျှင် ဥပမာ- သွားခေါခြင်းသည် ထိခိုက်ဒဏ်ရာရလွယ်၍ သွားမညီညာမှုများကို သွားညှိကုသမှုဖြင့် ပြင်ဆင်ပါ။
  • (၁၅) ခံတွင်းကင်ဆာမဖြစ်အောင် ကြိုတင်ကာကွယ်ပါ။ ခံတွင်းကင်ဆာမဖြစ်အောင် အလွန်ပူသော၊ စပ်သော အစာများကို စားခြင်းမှ ရှောင်ကြဉ်ပါ။ ချွန်ထက်သော သွားများ၊ စိုက်သွားများကို ပြုပြင်ပါ။ အရက်အလွန်အကျွံသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ။ AIDS, Syphilis စသော လိင်နှင့်ပတ်သက်သော ရောဂါများကို မဖြစ်အောင် ရှောင်ကြဉ်ပါ။
  • အထက်ပါအချက်များကို ရှောင်ကြဉ်လိုက်နာခြင်းဖြင့် သွားနှုတ်ကုသမှုမဖြစ်ရအောင် ကြိုတင်ကာကွယ် နိုင်ပြီး သွားနှင့်ခံတွင်းရောဂါများမှ ကင်းဝေးနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။