Friday, March 12, 2010

သွားအမြစ်တွင်းကုသမှု

  • ကျွန်ုပ်တို့၏သွားကို ခေါင်းပိုင်း (Crown) နှင့် အမြစ်ပိုင်း (Root)ဟူ၍ ခွဲခြားထားပါသည်။
  • သွားအမြစ်ပိုင်းတွင်းကုသပေးခြင်းကို ဆေးပညာဘာသာဖြင့် Root Canal Therapy (RCT) ဟုခေါ်ပါသည်။
  • သွားများကိုအလွှာအားဖြင့် ကြွေသွားလွှာ (Enamel) နှင့်ဆင်စွယ်နှစ်လွှာ (Dentine) ဟုခွဲခြားထားသည်။ ဆင်စွယ်နှစ်လွှာ၏ အတွင်း၌မွသား (Pulp) ရှိပြီး မွသားအတွင်းသွေးလွှတ်ကြော၊ သွေးပြန်ကြောနှင့် အာရုံကြောများရှိသည်။
  • သွားပိုးစားရောဂါဖြစ်သည့်အခါ ကြွေသွားလွှာပျက်စီးလျှင် မည်သည့်ခံစားမှုမှမဖြစ်ဘဲ၊ ဆင်စွယ်နှစ်လွှာ ရောက်သည့်အခါ သွားကျင်ခြင်းဝေဒနာခံစားရ၍ မွသားရောက်သည့်အခါ အာရုံကြော၊ သွေးကြောများ ရောင်ပြီး သွားကိုက်သည့်ဝေဒနာကို ခံစားရပါသည်။
  • မွသားရောင်သည့်ရောဂါကို Pulpitis ဟုခေါ်သည်။ မွသားရောင်သည့် အခြေအနေရောက်လျှင် သာမန်သွားဖာထေး၍ ကုသမရတော့ဘဲ သွားအမြစ်အတွင်းအထိ ကုသရသည်။
  • သွားအမြစ်တွင်းကုသမှုပေးရာတွင် သွား၏အတွင်းပိုင်း မွသားအထိရောက်အောင်ဖောက်၍ File ဟု ခေါ်သည့်ကိရိယာလေးများဖြင့် သွားအမြစ်တွင်းမှ မွသားအတွင်းရှိ အာရုံကြောနှင့်သွေးကြောများကို အကုန်ရှင်းလင်းအောင် ထုတ်ရသည်။ အားလုံးပြောင်စင်သွားသည့်အခါ သွားအမြစ်တွင်းမှ ဆင်စွယ် နှစ်လွှာကို ပြောင်စင်အောင်သန့်ရှင်းပြီးမှ သွားအမြစ်ထိပ်ထိရောက်အောင် Gutta Percha ဖြင့်ပိတ်လိုက်ရသည်။ Gutta Percha ဖြင့်ပိတ်သည့်အခါ လိုအပ်သည့် Sealer ကိုအသုံးပြုရပါသည်။